အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း

နိဒါန်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားဖြစ်စဉ်ကို ပြန်လည် လေ့လာရာတွင် ကိုယ်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ရှိစဉ်အခါကတည်းက နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစား စသည်တို့ကို မဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ထို့နောက် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့တို့မှ မြန်မာနိုင်ငံကိုသိမ်းယူခဲ့ပြီး ၄င်းတို့အလိုကျ ကိုလိုနီစနစ်အုပ်ချုပ်ရေးကို သွတ်သွင်း အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်ကပင် အုပ်ချုပ်ရေး ယန္တရားအား ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ်စေခဲ့ရာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ အခွန်တော် ကောက်ခံရေး၊ စည်ပင်သာယာရေး၊ ဒေသဖွံဖြိုးရေး ကိစ္စများကို အစိုးရအဆက်ဆက်က တာဝန်ပေးအပ်သည့်အတိုင်း ဆောင်ရွက်ခဲ့ရ ပါသည်။

ကိုလိုနီခေတ်မြန်မာနိုင်ငံအုပ်ချုပ်ရေး
၂။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ၁၈၂၄ ခုနှစ်၊ ပထမအကြိမ် ကျူးကျော်စစ်ပွဲတွင် ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ခဲ့သည်မှစ၍ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး စတင်ခဲ့ပါသည်။ ရခိုင်ဒေသ၏ အုပ်ချုပ်ရေးကိုဘင်္ဂလားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ထားပြီး တနင်္သာရီကိုမူ အိန္ဒိယဘုရင်ခံချုပ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိပါသည်။ ဒုတိယကျူးကျော် စစ်ဖြစ်ပွားသည့် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တို့က ပဲခူးတိုင်းကို သိမ်းပိုက်ပြီး ရခိုင်၊ တနင်္သာရီနှင့် ပဲခူးဒေသကိုပေါင်း၍ ဗြိတိသျှမြန်မာနိုင်ငံအဖြစ် ဖွဲ့စည်းကာ ဝန်ရှင်တော်မင်းကြီး (Commissioner)က အုပ်ချုပ်ပါသည်။ ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် အင်္ဂလိပ် – မြန်မာ စစ်ပွဲဖြစ်ပွားပြီး အထက်မြန်မာနိုင်ငံကိုပါ ဗြိတိသျှတို့က သိမ်းပိုက်လိုက်ပါသည်။ ထိုကာလ အတွင်း မြန်မာ့လွှတ်တော်ကို မဖျက်သိမ်းဘဲ ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ပူးပေါင်း၍ ၁၈၈၆ ခုနှစ်၊ မတ်လအထိ စစ်အုပ်ချုပ်ရေး အသွင်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ ထို့နောက် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံကိုပေါင်းပြီးအိန္ဒိယဘုရင်ခံချုပ်က ခန့်အပ်သော မဟာဝန်ရှင်တော်မင်းကြီး (Chief Commissioner)က အုပ်ချုပ်ခဲ့ပါသည်။ ၁၈၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား ဒုတိယဘုရင်ခံချုပ် အုပ်ချုပ်သည့် ပြည်နယ်အဖြစ် တိုးမြှင့်လိုက်ပါသည်။ ၁၉၀၈ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းဝန်များရုံး “ကိုဓ” ဥပဒေကို ပြဌာန်း၍ ၄င်းဥပဒေအရ အတွင်းဝန်ချုပ်သည် အစိုးရအဖွဲ့ကို တာဝန်ခံ၍ အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေး၊ ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေးဟူ၍ ကာလ (၃)ပိုင်း ခွဲခြားနိုင်ပါသည်။

ပါလီမန်ဒီမိုကရေစီခေတ်အုပ်ချုပ်ရေး
၃။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးကို ကြေညာ၍ ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိကာလသည် ဖဆပလ ခေတ် ပါလီမန်အုပ်ချုပ်ရေးကာလဟု သတ်မှတ်နိုင်ပါသည်။ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှု ကိစ္စအဝဝကို ဆောင်ရွက်ရန် ဝန်ကြီးဌာနများ (Functional Ministries)များ ဖွဲ့စည်းရာ တွင် ပြည်ထဲရေးဝန်ကြီးဌာနလည်း ပါဝင်၍ ဝန်ကြီးဌာနတစ်ခုချင်းအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် အတွင်းဝန်များရုံးကိုလည်း ဖွဲ့စည်းထား ပါသည်။ ပြည်မတွင် နိုင်ငံတော်အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အမာခံထား၍ စီမံခန့်ခွဲပါသည်။ ဝန်ကြီးသည် အုပ်ချုပ်ရေးလုပ်ငန်းဆိုင်ရာ “မူဝါဒ”များ ချမှတ်ပြီး အတွင်းဝန်က လုပ်ငန်းအောင်မြင်ရေးအတွက် ကြီးကြပ်ကွပ်ကဲ၍ အကောင်အထည်ဖော်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံဝန်ထမ်း (Burma Civil Services)များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် ဝန်ကြီးဌာနအသီးသီးနှင့် အတွင်းဝန်ရုံးအဖွဲ့များတွင် အတွင်းဝန်၊ ဒုတိယအတွင်းဝန်နှင့် အတွင်းဝန်ကလေးများအဖြစ်လည်းကောင်း၊ နယ်များတွင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်များ အဖြစ်လည်းကောင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကာလတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ အောက်ပါဌာနခွဲများ ဖွဲ့စည်းထားပါသည်-

(က) အထွေထွေအုပ်ချုပ်ရေးဌာနခွဲ
(ခ ) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဌာနခွဲ (မြူနီစပါယ်နှင့်ဒိစကြိတ်ကောင်စီများ)
(ဂ ) ပြည်သူ့ရဲတပ်ဖွဲ့
(ဃ) အထူးစုံစမ်းစစ်ဆေးရေးဌာနခွဲ
(င ) လူဝင်မှုကြီးကြပ်ရေးဌာနခွဲ
(စ ) အမျိုးသားမှတ်ပုံတင်ဌာနခွဲ
(ဆ) သန်းခေါင်စာရင်းဌာနခွဲ
(ဇ ) မီးသတ်ဌာနခွဲ
(ဈ ) ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ
(ည) ရာထူးဝန်အဖွဲ့
(ဋ ) ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း
(ဌ ) သာသနာရေးဌာနခွဲ
(ဍ ) ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ

၄။ ၁၉၄၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးကိစ္စအဝဝကို အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည်ဝန်ကြီး ဌာန အချို့ကို အောက်ပါအတိုင်းတာဝန်ခံ၍ ဆောင်ရွက်ခဲ့ပါသည်-
(က) ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ကျေးရွာမြို့ပြအုပ်ချုပ်ရေး (ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး) ဆိုင်ရာ လုပ်ငန်းများနှင့် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများ၊
(ခ) တရားရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ ရာဇဝတ်မှုနှင့် ပြစ်မှုကြိုတင်ကာကွယ်ရေး၊ မှုခင်း ဆိုင်ရာတရားစီရင်ရေးလုပ်ငန်းများ၊
(ဂ) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို တာဝန်ခံ၍ မြေယာအုပ်ချုပ်ရေး၊ ယစ်မျိုးအုပ်ချုပ်ရေး၊ ငွေတိုက်အုပ်ချုပ်ရေးလုပ်ငန်းများ၊
(ဃ) လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကို တာဝန်ခံ၍ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ၊ စာချုပ်စာတမ်းမှတ်ပုံတင် လုပ်ငန်းများ၊
(င) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရဝန်ကြီးဌာနကို တာဝန်ခံ၍ မြူနီစပါယ်၊ မြို့ကော်မတီ၊ ဒိစကြိတ်ကောင်စီနှင့် ခရိုင်အုပ်ချုပ်သော ဒေသန္တရအဖွဲ့များဆိုင်ရာ လုပ်ငန်း များ၊
(စ) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းနှင့် လူမှု ဝန်ထမ်း လုပ်ငန်းများ၊
(ဆ) နိုင်ငံတော်အစိုးရမှပေးအပ်သောအခြားတာဝန်များ၊

၅။ ၁၉၅၇ ခုနှစ်တွင် အတွင်းဝန်ချုပ်၏ တာဝန်ဝတ္တရားများကိုပြန်လည် သတ်မှတ်ရာ၌ အတွင်းဝန်ချုပ်၏ ပင်ရင်းဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအစား ဝန်ကြီးချုပ်ရုံး လက်အောက်သို့ ပြောင်းလဲသတ်မှတ် ခဲ့ပါသည်။ ယင်း သတ်မှတ်ချက်အရ ၁၉၅၈ ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့မှစ၍ အတွင်းဝန်ချုပ်ကို နိုင်ငံတော်ဝန်ကြီးချုပ်ရုံး လက်အောက်သို့ လွှဲပြောင်းပေးလိုက်ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန်သည် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများ၏ အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အုပ်ချုပ်မှုအာဏာအနေဖြင့် ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်၍ ဝန်ကြီးအဖွဲ့ကို ဦးဆောင် ပါသည်။ အစိုးရကိစ္စအရပ်ရပ်ကို ပြည်နယ်များတွင် အုပ်ချုပ်ရေးအာဏာအား အောက်ပါအတိုင်း သတ်မှတ်ကျင့်သုံးပါသည်-

(က) ပြည်မတွင် ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲပါသည်။
(ခ) ပြည်နယ်များတွင် ပြည်နယ်ဦးစီးအဖွဲ့က စီမံခန့်ခွဲပါသည်။
(ဂ) နယ်ခြားဒေသတိုင်း (၃)တိုင်း၊ ခရိုင် (၇)ခုနှင့် မြို့နယ်(၁၈) မြို့နယ်ကို နယ်ခြားဒေသ အုပ်ချုပ်ရေးဌာနက စီမံခန့်ခွဲပါသည်။
၆။ ၁၉၆၂ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီအစိုးရလက်ထက်၊ ၁၉၆၂ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် တပ်မတော်က ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအပါအဝင် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်များတွင် ကချင်၊ ကရင်၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်များကို ဖျက်သိမ်း၍ ပြည်နယ်ဦးစီးအဖွဲ့များဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစတင်ဖွဲ့စည်းခြင်း
၇။ မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည့်အုပ်ချုပ်ရေးစနစ်သည် အခြေခံအားဖြင့် ကိုလိုနီအုပ်ချုပ်ရေးစနစ်ကို ပြုပြင်ထားသည့် စနစ်သာ ဖြစ်သည့်အလျောက် တိုင်းရင်းသားလူမျိုးတို့၏ အကျိုးကိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် ဆိုရှယ်လစ်ဒီမိုကရေစီယန္တရား တပ်ဆင် နိုင် ရေးအတွက် အသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားနိုင်ရန် တော်လှန်ရေးကောင်စီသည် ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ၏ ၁၅-၃-၇၂ ရက်စွဲပါ ကြေညာချက်အမှတ် (၉၇) အရ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနအား ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဝန်ကြီး ဌာန၊ သာသနာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သီးခြားဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ ပါသည်။ ယခင်ဆောင်ရွက်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်း၊ စည်ပင်သာယာရေးလုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ရုံးချုပ်၊ ပြည်နယ်/ တိုင်းရုံးနှင့် မြို့နယ်ရုံးများဟူ၍ အဆင့်ဆင့် ဖွဲ့စည်းပါသည်။
၈။ အုပ်ချုပ်ရေးစနစ်သစ်အရ နယ်အုပ်ချုပ်ရေးဝန်ထမ်းများဖြစ်သော တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်မြို့ပိုင်များမှ ထမ်းဆောင်လျက် ရှိသည့် ရာဇဝတ်တရားစီရင်ရေး၊ မြေနှင့် အခွန်အုပ်ချုပ်ရေး၊ ငွေတိုက်အုပ်ချုပ်ရေး၊ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးသို့ အောက်ပါအတိုင်း လွှဲပြောင်း ပေးအပ်ခဲ့ပါသည်-

(က) ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံလုပ်ကိုင်ရသော အထွေထွေအုပ်ချုပ်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှအပ ရဲလက်စွဲနှင့် လက်နက်ဥပဒေပါ လုပ်ငန်းတာဝန်များကို ပြည်သူ့ရဲတပ်ဖွဲ့သို့လည်းကောင်း၊
(ခ) အကျဉ်းထောင်လက်စွဲပါ လုပ်ငန်းများကို အကျဉ်းဦးစီးဌာနသို့လည်းကောင်း၊
(ဂ) နိုင်ငံခြားသားများ မြန်မာနိုင်ငံသားဖြစ်မှု စည်းမျဉ်းဥပဒေပါလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနသို့ လည်းကောင်း၊
(ဃ) အထက်မြန်မာပြည် ကျောက်မျက်ရတနာ စည်းမျဉ်းဥပဒေပါ လုပ်ငန်းများကို သတ္တုတွင်းဝန်ကြီးဌာနသို့လည်းကောင်း၊
(င) စက်ရေနွေးအိုးဥပဒေပါလုပ်ငန်းများကို အလုပ်ရုံစစ်ဆေးရေးဦးစီးဌာနသို့လည်းကောင်း၊
(စ) စိတ္တဇရောဂါ၊ အနာကြီးရောဂါအက်ဥပဒေပါလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနသို့ လည်းကောင်း၊
(ဆ) တရားရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ဆောင်ရွက်ရသောပြစ်မှုဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ရာဇဝတ်တရားစီရင်ရေးလုပ်ငန်းများကို တရားရေးဝန်ကြီး ဌာနသို့လည်းကောင်း၊
(ဇ) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို တာဝန်ခံ၍ဆောင်ရွက်ရသောလုပ်ငန်းများကို ပြည်တွင်းအခွန်များဦးစီးဌာနသို့လည်းကောင်း၊
(ဈ) ငွေတိုက်နှင့်လက်အောက်ငွေတိုက်လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်သို့ လည်းကောင်း၊
(ည) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသော မြေနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်များ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပါ လုပ်ငန်းများကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့ လည်းကောင်း လွှဲပြောင်းပေးခဲ့ပါသည်။
၉။ ယင်းသို့ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များသည် အောက်ပါအတိုင်း ပြောင်းလဲသွားခဲ့ပါသည်-

(က) မြို့ပြနှင့် ကျေးလက်ဒေသအုပ်ချုပ်ရေး
(ခ ) ကျေးလက်ဒေသဖွံ့ဖြိုးရေး
(ဂ ) စာပေစိစစ်ရေးနှင့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်ရေး
(ဃ) ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များ
(င ) ဦးစီးဌာနတစ်ခုလုံး၏ ဝန်ထမ်းရေးရာ၊ ငွေစာရင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ၊
(စ ) ဝန်ကြီးဌာနကပေးအပ်သည့် အခြားအထွေထွေလုပ်ငန်းတာဝန်များ
၁၀။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းပြီးနောက် ခရိုင်အဆင့်၊ ခရိုင်ခွဲ အဆင့်နှင့် မြို့နယ်ခွဲအဆင့်များကို ဖျက်သိမ်း ခဲ့ပါသည်။ စီမံခန့်ခွဲရေးအဆင့်အနေဖြင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ငန်းပမာဏနှင့် လူဦးရေအပေါ် အခြေခံ၍ ရုံးများကို (က)အဆင့်၊ (ခ)အဆင့်၊ (ဂ)အဆင့်ဟူ၍ သတ်မှတ်ခဲ့ပါသည်။

၁၁။ ၂-၃-၁၉၇၄ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ကောင်စီဥပဒေကို ပြဌာန်း၍ ပြည်နယ်၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဆင့်ဆင့်ကို ဖွဲ့စည်းပါသည်။ ၂-၈-၁၉၇၆ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက ကြေညာချက်အမှတ် (၅/၇၆)ကို ထုတ်ပြန်၍ ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အလုပ်အမှုဆောင် အဆင့်ဆင့်အား တာဝန်နှင့် လုပ်ပိုင်ခွင့်များအပ်နှင်းခဲ့ရာ ယခင်တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်တို့၏ လုပ်ပိုင်ခွင့်များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကိစ္စအရပ်ရပ် (သို့မဟုတ်) ဌာနဆိုင်ရာလုပ်ငန်းတာဝန် အရပ်ရပ်တို့သည် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်ထံသို့ ရောက်ရှိသွားပါသည်။
၁၂။ ၁၁-၁၂-၁၉၇၆ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ကောင်စီ၏ (၆၀)ကြိမ်မြောက် အစည်းအဝေးက ပြည်သူ့ကောင်စီ အဆင့်ဆင့်၏ အခြေခံရုံးများအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်ကို နိုင်ငံတော်ကောင်စီအောက်သို့ လွှဲပြောင်းပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဝန်ကြီးအဖွဲ့၏ ၁၈-၃-၁၉၇၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ (၃/၇၇)ဖြင့် ၁၉၇၇ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ အထွေထွေအုပ်ချုပ်ရေးရုံးအဆင့်ဆင့်သည် ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အခြေခံရုံးများအဖြစ် လွှဲပြောင်းရယူပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနတွင် ကျန်ရှိသည့် အထွေထွေဌာနခွဲ၊ စည်ပင်သာယာရေးဌာနခွဲ၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲများ၏ လုပ်ငန်းများဆောင်ရွက်ရန် ၁-၄-၁၉၇၇ ရက်နေ့မှစ၍ အထွေထွေဦးစီးဌာနဟု ပြင်ဆင် ခေါ်ဝေါ် ဖွဲ့စည်းခဲ့ပါသည်။

၁၃။ ၁၈-၉-၁၉၈၈ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့ပြီး အမိန့်အမှတ် (၁/၈၈)ဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံးမှ ဝန်ထမ်းရာထူးအင်အား (၁၇၄)နေရာနှင့် ယခင် ပြည်နယ်/ တိုင်းနှင့် မြို့နယ်ပြည်သူ့ကောင်စီရုံးများရှိ ဝန်ထမ်းရာထူး (၂၆၁၄၀)နေရာ၊ စုစုပေါင်း (၂၆၃၁၄) နေရာကို ယင်းရာထူးနေရာအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများနှင့်အတူ ၁-၁၁-၁၉၈၈ ရက်နေ့မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးသည့် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၈၈)ဖြင့်ထုတ်ပြန်၍ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနအောက်ရှိ အထွေထွေဦးစီးဌာနကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟု ၇-၁၁-၁၉၈၈ ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ယင်းကိုအစွဲပြု၍ နှစ်စဉ် နိုဝင်ဘာလ (၇)ရက်နေ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အဖြစ် ကျင်းပလျက် ရှိပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကာလအုပ်ချုပ်ရေးပြုပြင်ခြင်း
၁၄။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်၏ အာဏာအရပ်ရပ် ကို လုံးဝတာဝန်ယူထားသည့်အားလျော်စွာ ပြည်နယ်/တိုင်းနှင့် မြို့နယ်များတွင် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ ပြည်သူများ၏ စားဝတ်နေရေးချောင်လည်စေရေးတို့ကို ဆောင်ရွက်နိုင်ရန် ပြည်နယ်/တိုင်းငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့များကို ကြေညာချက် (၅/၈၈)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ ပြည်နယ်/တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအထွေထွေဦးစီး ဌာနမှူးသည် အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးလုပ်ငန်းများ ပိုမိုချောမွေ့လျှင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက်အမှတ် (၇/၈၈)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ပြည်နယ်/တိုင်း ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူးသည် မြို့နယ်စုငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၈-၁၁-၈၉ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုရုံး (၅၀)ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့များကို ဥက္ကဌအဖြစ် တပ်မတော်အရာရှိ၊ အဖွဲ့ဝင်များအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့မှူးက ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် ဥက္ကဌမှတာဝန်ပေးအပ်သူတို့ပါဝင်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် (၅/၈၈)ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

၁၅။ ရပ်ကွက်/ ကျေးရွာအုပ်စုမှ ကြည်ညိုလေးစားသူ အဖွဲ့ဝင်(၃)ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းစာရေး (၁)ဦးတို့ပါဝင်သော ရပ်ကွက်/ ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် (၇/၈၈)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

၁၆။ ထို့နောက် ၁၉၉၂ခုနှစ်တွင် အနာဂတ်ကာလစီမံခန့်ခွဲရေးယန္တရားကို မျှော်မှန်း၍ အုပ်ချုပ်ရေးအဖွဲ့အစည်းများအား အလေ့အကျင့် ရရှိနိုင်ရန်အလို့ငှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက်(၁၄/၉၂)ဖြင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိများအား ဥက္ကဌတာဝန်ပေးအပ်၍ ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၇-၁၀-၉၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုရုံးများကို ခရိုင်ရုံးများအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

၁၇။ နိုင်ငံတော်တွင် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် အမြန်ဆုံးဖြစ်ထွန်း တည်ထောင်နိုင်စေရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ၁၅-၉-၉၇ ရက်စွဲပါ ကြေညာချက်အမှတ် (၁/၉၇)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်းကောင်း၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်နှင့် နောင်တွင်ကျင့်သုံးမည့် စီမံခန့်ခွဲရေးယန္တရားကို မျှော်မှန်း၍ ပြည်နယ်/ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်အမှတ် (၂/၂၀၀၆)ဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ ပြည်နယ်/ တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပြည်နယ်/ တိုင်းအုပ်ချုပ်ရေးမှူးများသည် အဖွဲ့ဝင်အဖြစ်မှ အတွင်းရေးမှူးတာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့ပါသည်။ အလားတူ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂/၂၀၀၆)အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး များသည် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ရပါသည်။ မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဆင့်တွင်မူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကဌတာဝန်ကို ထမ်းဆောင်ရပါသည်။ ရပ်ကွက်/ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ရပ်ကွက်/ ကျေးရွာအုပ်စုမှ အများကြည်ညို လေးစားသူ အဖွဲ့ဝင်(၂)ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းစာရေး (၁)ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ ပါသည်။ ယင်းသို့ ပြင်ဆင် ဖွဲ့စည်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက် (၃/၂၀၀၆)ဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဌတာဝန်ကို ထမ်းဆောင် ရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကာလ(ယနေ့ခေတ်)
၁၈။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ၊ ကြေငြာချက်အမှတ် (၆/၂၀၁၁)အရ ပြည်နယ်/ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက် လာသော တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် ရွေးချယ်တာဝန်ပေးခံရသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာ ပုဂ္ဂိုလ်များကို အာဏာအပ်နှင်းခဲ့ပါသည်။ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ရုံး၊ အစိုးရအဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ် ရေးမှူးသည် ယင်းအစိုးရအဖွဲ့တို့၏ အတွင်းရေးမှူး ဖြစ်ပါသည်။

၁၉။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ၊ ကြေငြာချက်အမှတ် (၇/၂၀၁၁)အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (၆)ခုရှိ ဦးစီးအဖွဲ့များကို လုပ်ပိုင်ခွင့် အာဏာအပ်နှင်းပြီး ယင်းဒေသရှိ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည်။ ထိုဒေသတွင်ရှိသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
၂၀။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ ကြေငြာချက် အမှတ်(၈/၂၀၁၁)ဖြင့် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိပါသည်။

အုပ်ချုပ်ရေးမှူးအခေါ်အဝေါ်များပြင်ဆင်ခြင်း
၂၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ကိုလိုနီခေတ်ကပင် တည်ရှိခဲ့သော အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်ပြီး ပြောင်းလဲလာသော အုပ်ချုပ်မှုယန္တရားဖြစ်စဉ်များနှင့်အညီ အုပ်ချုပ်ရေး အခေါ်အဝေါ်များကို အဆင့်ဆင့်ပြင်ဆင်ခေါ်ဝေါ်ခဲ့ပါသည် –

စဉ် ကာလ အခေါ်အဝေါ်များ

(က) ကိုလိုနီအုပ်ချုပ်ရေး တိုင်းမင်းကြီး/ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်

လက်ထက်မှ ၁၉၇၂ ခုနှစ်

(ခ ) ၁၉၇၂ ခုနှစ်နောက်ပိုင်း ပြည်နယ်/တိုင်းဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူး

                                                  ပြည်နယ်/တိုင်းရုံးအဖွဲ့မှူး၊ မြို့နယ်ရုံးအဖွဲ့မှူး

(ဂ ) ၁၉၉၄ ခုနှစ်နောက်ပိုင်း ပြည်နယ်/တိုင်းအုပ်ချုပ်ရေးမှူး၊

                                                  ပြည်နယ်ခွဲ/တိုင်းခွဲအုပ်ချုပ်ရေးမှူး

                                                  ခရိုင်အုပ်ချုပ်ရေးမှူး

                                                  မြို့နယ်အုပ်ချုပ်ရေးမှူး

(ဃ) ၂၀၁၁ ခုနှစ် နောက်ပိုင်း တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူး

                                                  ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊

                                                  မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး

ရည်မှန်းချက်/ ဆောင်ပုဒ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်

(က) တရားဥပဒေစိုးမိုးရေး၊
(ခ) ရပ်ရွာအေးချမ်းသာယာရေး၊
(ဂ) ဒေသဖွံ့ဖြိုးရေး၊
(ဃ) ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆောင်ပုဒ်

(က) နိုင်ငံတော်မူဝါဒလိုက်နာရေး (Policy)
(ခ ) အခြေခံသဘောတရားနှင့်ကိုက်ညီရေး (Principle)
(ဂ ) လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်ရေး (Procedure)
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကျင့်စဉ်(၆)ရပ်

(က) ကျယ်ကျယ်ပြန့်ပြန့်စဉ်စား
(ခ ) အင်တိုက်အားတိုက်လုပ်
(ဂ ) မှန်မှန်ကန်ကန်ပြော
(ဃ) ခိုင်ခိုင်မာမာရပ်တည်
(င ) ရိုးရိုးသားသားနေထိုင်ပြောဆို
(စ ) ပြည်သူတွေနှင့် ပြေပြေပြစ်ပြစ် ယဉ်ယဉ်ကျေးကျေးဆက်ဆံ
တည်ဆောက်ရေးတာဝန်ကြီး(၄)ရပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ခေတ်အဆက်ဆက် အုပ်ချုပ်ရေးယန္တရားတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိသဖြင့် ခိုင်မာပြီးထက်မြက်သည့် ဌာန တစ်ခုဖြစ်စေရန် အောက်ပါတည်ဆောက်ရေးတာဝန်ကြီး (၄)ရပ်ကို ချမှတ်ထားပါသည်-

(က) စိတ်ဓါတ်တိုးတက်မြင့်မားရေး၊
(ခ ) လေ့ကျင့်မှုမပြတ်ဆောင်ရွက်ရေး၊
(ဂ ) ဝန်ထမ်းသက်သာချောင်ချိရေး၊
(ဃ) အုပ်ချုပ်မှုစနစ်မှန်ကန်ရေး၊
စံ(၅)ရပ်
တည်ဆောက်ရေးတာဝန်ကြီး(၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို အောက်ပါ စံ(၅)ရပ်ဖြင့် တိုင်းတာဆောင်ရွက်လျက် ရှိပါသည်-

(က) စိတ်ဓါတ်ကောင်းမွန်မှု၊
(ခ ) စည်းကမ်းကောင်းမွန်မှု၊
(ဂ ) သစ္စာစောင့်သိမှု၊
(ဃ) စည်းလုံးညီညွတ်မှု၊
(င) စွမ်းရည်ပြည့်ဝမှု၊
ယစ်မျိုးမူဝါဒ

(က)အရက်သေစာသောက်စားခြင်းအလေ့အထပြန့်ပွါးခြင်းကို ယုတ်လျော့ပပျောက်စေရန်၊
(ခ) သေရည်သေရက်ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင်ထုတ်လုပ်မှုမရှိစေဘဲ အခွန်ကြီးမြင့် နိုင်သမျှ ကြီးမြင့်ကောက်ခံရန်၊
(ဂ) မူးယစ်စေတတ်သော သေရည်သေရက်ရောင်းချခြင်းမှာ အခွန်ငွေရရှိစေရန်အလို့ငှာ အဓိကမဟုတ်ဘဲ ၎င်းကို သောက်စားသုံးစွဲခြင်း ခေါင်းပါးစေရန် သေရည်သေရက်ရောင်းချခြင်းကို အခွန်စည်းကြပ်ကောက်ခံသည်ဟု အမြဲနှလုံးသွင်းရမည်။
လုပ်ငန်းတာဝန်များ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ချမှတ်ပေးသော လုပ်ငန်း တာဝန်များ၊
(ခ) ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးအပ်သော လုပ်ငန်းတာဝန်များ၊
(ဂ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များ၊
(ဃ) အခြားဝန်ကြီးဌာနက ပေးအပ်သော လုပ်ငန်းတာဝန်များ၊
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးအပ်ခြင်း
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား အောက်ပါအတိုင်း တာဝန်ပေးအပ်ထား ပါသည် –

(က) ပုဒ်မ (၂၆၀) အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။
(ခ) ပုဒ်မ(၂၈၇)အရ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူးသည် ရာထူးအလျောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဖြစ်သည်။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နေပြည်တော်ကောင်စီရုံး ဖြစ်သည်။
(ဂ ) ပုဒ်မ (၂၈၈ ) အရ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးအပ်ထားပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးအပ်သည့်လုပ်ငန်းတာဝန်များ
နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၈/၈၈) စကားရပ်များ အစားထိုးသည့် ဥပဒေအရ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၆-၆-၁၉၈၉ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၈၉)ဖြင့် အောက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကျင့်သုံးရန်အပ်နှင်းထားပါသည်-

(က) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ပျက်ပြားစေမည့် လုပ်ရပ်များအား တားမြစ်ခြင်း၊
(ခ ) အများပြည်သူ စိတ်ငြိုငြင်စေမည့် နှောင့်ယှက်မှုများ ဖယ်ရှားစေခြင်း၊
(ဂ) ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း၊ စီစဉ်ဆောင်ရွက်ခြင်း၊
(ဃ) စာတိုက်နှင့် ကြေးနန်းရုံးများရှိ စာ၊ ကြေးနန်းနှင့် ချောထုတ်များကို ပြစ်မှု ဆိုင်ရာစုံစမ်း မှုအတွက် လိုအပ်လျှင် ထုတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူ များကို ညွှန်ကြားခြင်း၊
(င ) လက်နက်ဥပဒေအရ ပြစ်မှုများကျုးလွန်သူကို တရားစွဲဆို ခွင့်ပြုမိန့်ပေးခြင်း၊
(စ ) မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေ၊ အိမ်)တို့နှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် အေးချမ်းသာယာရေးကို ထိခိုက်လာပါက ဝင် / ထွက်မှုကို တားဆီးခြင်း၊
(ဆ ) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေရန် ဝရမ်းထုတ်ပေးခြင်း၊
(ဇ ) ဘုန်းတော်ကြီးကျောင်း အဆောက်အဦး၊ မြေ စသည်တို့တွင် အငြင်းပွားမှု ဖြစ်ပါက ဖယ်ရှားခြင်း၊ အငြင်းပွားပစ္စည်းများကို စာရင်းပြုစုထိန်းသိမ်းခြင်း၊
(ဈ ) တရားရုံးသို့ သက်သေခံအဖြစ် တင်ပြခြင်း မပြုရသေးသော သိမ်းဆည်း ထားသည့် ပစ္စည်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲခြင်း၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပင်မလုပ်ငန်းတာဝန်များအဖြစ် အောက်ပါ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရပါသည်-
(က) မြေယာစီမံခန့်ခွဲရေးလုပ်ငန်း

(၁) နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို ပုဂ္ဂလိက/ ဌာနဆိုင်ရာ မြေငှားဂရန်၊ စက်မှုမြေငှားဂရန်များ ခွင့်ပြုချထားခြင်း၊
(၂) အခွန်လွတ်သာသနာ့မြေဂရန်များ ခွင့်ပြုချထားခြင်း၊
(၃) ဗဒ္ဓသိမ်မြေဂရန် ခွင့်ပြုချထားခြင်း၊
(ခ ) ယစ်မျိုးစီမံခန့်ခွဲရေးလုပ်ငန်း

(၁) နှစ်စဉ်ယစ်မျိုးအစီအစဉ်များရေးဆွဲတင်ပြခြင်း၊
(၂) နှစ်စဉ်ယစ်မျိုးလိုင်စင်များ ခွင့်ပြုချထားပေးခြင်း၊
(၃) အရက်ချက်လုပ်ငန်းမှ ထုတ်လုပ်သောအရက်များအား ဓါတုဗေဒဝန်ထံစစ်ဆေးခံရန်ကြီးကြပ်ဆောင်ရွက်ခြင်း၊
(ဂ ) အခွန် (၄)မျိုး ကောက်ခံခြင်းလုပ်ငန်း

(ဃ) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
(င) မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေဆိုင်ရာ လုပ်ငန်း
(စ) အသင်းအဖွဲ့များ ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ပြုရေးလုပ်ငန်း
(ဆ) ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ရေးဆိုင်ရာလုပ်ငန်း
(ဇ) မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးလုပ်ငန်း
(ဈ) မြို့၊ ရပ်ကွက်/ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းရေးလုပ်ငန်း

အခြားဝန်ကြီးဌာနများမှ အပ်နှင်းသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ လုပ်ငန်းများ ဆောင်ရွက်ခြင်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မိမိ၏ ပင်မလုပ်ငန်းတာဝန်များအပြင် အခြားဌာနများမှ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များ အရ လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးကြရပါသည်။ ယခုလက်ရှိ အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများ၏ ကိုယ်စား ဆောင်ရွက်ပေးလျက်ရှိပါသည်-

(က) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုစီးဌာန၏ ၁၀-၃-၁၉၈၉ ရက်စွဲပါစာအမှတ်၊ အခရ/ အင်ဒီ – အီးဒီ/ ၉၃၀ အရ စက်မြင်းကောင်ရေ (၂၀)ထက်မပိုသော စက်တပ်ရေယာဉ်ငယ်များ စစ်ဆေးမှတ်ပုံတင်ခြင်း၊
(ခ ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၃၁-၁၀-၁၉၈၉ ရက်စွဲပါ စာအမှတ်၊ ၃-၅/၅၁ အပိုင်း ၂ (၈၉) ၁၆၅၆ အရ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဂ ) ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀-၉-၁၉၈၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅/၈၉)အရ ရုပ်ရှင်ပြသရန်နေရာအတွက် လိုင်စင် ထုတ်ပေးသည့် အာဏာပိုင်အဖြစ် ဆောင်ရွက်ခြင်း၊
(ဃ) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ အပ်နှင်းထားသော အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ခြင်း-
(၁) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄) ၇/၃(၈၉)နှင့် ဘ-၂(၄) ၇/၅(၈၉)နှင့် ၁၉-၈-၁၉၉၁ ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄)/၇၃ (၈၉) (၃၈၇/၉၀)တို့အရ အငြိမ်းစားယူသော သို့မဟုတ် အငြိမ်းစားမယူမီ ကွယ်လွန်သော ဝန်ထမ်းများ အတွက် ယာယီအငြိမ်းစားလစာနှင့် ဆုငွေများ ကြိုတင်ထုတ်ပေးရေးကိစ္စ။
(၂) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါစာအမှတ်၊ ဘ-၂(၄)၇/၄ (၈၉) အရ တစ်လုံးတည်းပင်စင် လဲလှယ်ရေး အတွက် အငြိမ်းစားများတင်သွင်းသော လျှောက်လွှာများ ဆောင်ရွက်ပေးရေးကိစ္စ။
(၃) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါစာအမှတ်၊ ဘ – ၂(၄) ၅ / ၂ (၇၉၉/၈၈) အရ ပြစ်ဒဏ်မှ လွတ်မြောက် လာသော အငြိမ်းစားများ၏ ပင်စင်ကို ပြန်လည်ထုတ်ယူခွင့်ပြုရေးကိစ္စ။
(၄) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ရက်စွဲပါစာအမှတ်၊ ဘ-၂(၄) ၇/၂(၈၉)နှင့် ၂၀-၅-၁၉၉၃ ရက်စွဲပါစာအမှတ်၊ ဘ-၂(၄) ၇/၂ (၈၉) (၉၂/၉၃)တို့အရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများမှ ကွယ်လွန်သူအငြိမ်းစားများအတွက် ထုတ်ပေးရန် ကျန်ရှိသော အငြိမ်းစားလစာငွေများ ထုတ်ပေးရေးကိစ္စ။

ဆက်စပ်နေသော သတင်းများ